Thursday 28 February 2013

သားသားမီးမီးတို့အတွက် ကဗျာ

သားသားမီးမီး ခုချိန်ခါ
တက်ခေတ်ရောက်လို့လာ
တုံးဖလားရွာ ကဗျာသွင်း
မောင်မယ်မျက်နှာ ပြုံးရွှင်ဝင်း။

မျက်လုံးနှစ်ဘက် ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်မြင်ရာ ပယ်ကာရှင်း
နှစ်ဘက်မြင်မှ မှန်ကန်ခြင်း။

နားရွက်နှစ်ခု ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်ကြားရာ ဖယ်ခွါရှင်း
နှစ်ဘက်ကြားမှ အမှန်ချဉ်း။

နှာခေါင်းနှစ်ပေါက် ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်ပိတ်ရာ သက်ရှူကျဉ်း
တစ်ဘက်ကူမှ အနံ့ရှင်း။

လက်များနှစ်ခု ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်ညောင်းရင် တစ်ဘက်ဆင်း
နှစ်ဘက်ရှိမှ အားတွေတင်း။

ခြေထောက်နှစ်ခု ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်မောရင် တစ်ဘက်နင်း
ခြေထောက်နှစ်ဘက် လွန်ရိုင်းပင်း။

သားသားမီးမီး မောင်မယ်ရာ
ချင်းချင်းညီညွတ်ပါ
ညီညွတ်မှုဟာ အောင်မြင်ခြင်း
မောင်မယ်ဘ၀ ထွန်းတောက်လင်း။

တုံးဖလား ကိုကိုမောင် 
(၂၈၊ ၀၂၊ ၂၀၁၃ ကြာသပတေးနေ့ ၁၈း၀၉ နာရီ)


.

No comments:

Post a Comment