Thursday 28 February 2013

သားသားမီးမီးတို့အတွက် ကဗျာ

သားသားမီးမီး ခုချိန်ခါ
တက်ခေတ်ရောက်လို့လာ
တုံးဖလားရွာ ကဗျာသွင်း
မောင်မယ်မျက်နှာ ပြုံးရွှင်ဝင်း။

မျက်လုံးနှစ်ဘက် ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်မြင်ရာ ပယ်ကာရှင်း
နှစ်ဘက်မြင်မှ မှန်ကန်ခြင်း။

နားရွက်နှစ်ခု ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်ကြားရာ ဖယ်ခွါရှင်း
နှစ်ဘက်ကြားမှ အမှန်ချဉ်း။

နှာခေါင်းနှစ်ပေါက် ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်ပိတ်ရာ သက်ရှူကျဉ်း
တစ်ဘက်ကူမှ အနံ့ရှင်း။

လက်များနှစ်ခု ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်ညောင်းရင် တစ်ဘက်ဆင်း
နှစ်ဘက်ရှိမှ အားတွေတင်း။

ခြေထောက်နှစ်ခု ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်မောရင် တစ်ဘက်နင်း
ခြေထောက်နှစ်ဘက် လွန်ရိုင်းပင်း။

သားသားမီးမီး မောင်မယ်ရာ
ချင်းချင်းညီညွတ်ပါ
ညီညွတ်မှုဟာ အောင်မြင်ခြင်း
မောင်မယ်ဘ၀ ထွန်းတောက်လင်း။

တုံးဖလား ကိုကိုမောင် 
(၂၈၊ ၀၂၊ ၂၀၁၃ ကြာသပတေးနေ့ ၁၈း၀၉ နာရီ)


.

Sunday 24 February 2013

ထွေးသိပ်ပါလှဲ့

တောင်ကမ်းယံပင်စု
သပြေနုရယ်နဲ့ မယ်ထွေးညို
လွမ်းလျှက် ရင်တွေဖို
မှန်းတွက်ကာ ငို။

တမ်းတလျှက် ဆွေးစိတ်ပိုတယ်
အိုကွယ်..
ထွေးသိပ်တော်မူလှဲ့ဦးကွဲ့လေး။ ။


တုံးဖလား ကိုကိုမောင် 
(၂၄၊ ၀၂၊ ၂၀၁၃၊ တနင်္ဂနွေနေ့)
.

ညိုမ ဖိတ်ခေါ်သံ

သနပ်ခါး ပါးကွက်ကြားနဲ့
ညိုနက်ပြာ နုရည်
ထွန်းစု နေခြည်။

ညွန်းတုလို့ ဘယ်မမီတယ်
သည်မဒီ ငုရွှေဥရယ်လ
သွန်းထု ပျိုထွား။

ချစ်စသွေး ပြုံးချိုချိုရယ်
အမုန်းမပို ဆိုစကား။

အရှုံးမလို ရွှေစိတ်အားကြောင့်
 ထိပ်ထားက ရှုဖွယ်
စိတ်အားလှကြွယ်။

ထိပ်ဖျားက ရွှေဧည့်သည်ရယ်
တဆိတ် နားတော်မူလှည့်ဦးကွဲ့လေး။

(တေးထပ်ကပျက်)

တုံးဖလား ကိုကိုမောင် 
(၂၄၊ ၀၂၊ ၂၀၁၃၊ တနင်္ဂနွေနေ့)

.

တုံးဖလားရွာ

ဘ၀ကြမ်းပေမဲ့
အလှပန်းတွေ ရှိတယ်။

အမြင်မလှပေမဲ့
အသွင်အလှတွေ ရှိတယ်။

မသစ်လွင်ပေမဲ့
ချစ်ခင်မှုတွေ ရှိတယ်။

တိုးပွါးမှုမရှိပေမဲ့
ရိုးသားမှုတွေ ရှိတယ်။

ဓန သိန်းသန်း မချမ်းသာပေမဲ့
အလှ စိမ်းလန်း စခန်းသာတွေ ရှိတယ်။

ဂမုန်းပန်းတွေ မရှိပေမဲ့
အပြုံးပန်းတွေရှိတယ်။

အဲဒါ...
ကျနော်တို့ရွာ
"တုံးဖလားရွာ"


တုံးဖလား ကိုကိုမောင် 
(၂၄၊ ၀၂၊ ၂၀၁၃၊ တနင်္ဂနွေနေ့)

.